သင့်ကလေးက လူပုလေးဖြစ်နိုင်လား
စနိုးဝှိုက်နဲ့ လူပုလေး ၇ ယောက်ထဲကလို လူပုလေးတွေက ဘာကြောင့်ဖြစ်တာလဲ၊ မျိုးရိုးလိုက်တာလား၊ မိဘက အရပ်ပုံမှန်ဖြစ်ပြီး ကလေးကျမှ လူပုလေးဖြစ်နိုင်လား ဆိုတာက စိတ်ဝင်စားဖို့ကောင်းတဲ့ အရာပါ။
အရပ် ၄ ပေ ၁၀ လက်မ (၁၄၇ စက်တီမီတာ) ထက်နိမ့်ရင် လူပုလေး (Dwarfisn) လို့ ယေဘုယျအားဖြင့် သတ်မှတ်ပြီး လူပုလေးတွေရဲ ပျမ်းမျှအရပ်ဟာ ၄ ပေခန့် (၁၂၂ စင်တီမီတာ) ရှိပါတယ်။ များသောအားဖြင့် မျိုးရိုးဗီဇကြောင့် ဖြစ်တတ်ပြီး မျိုးရိုးဗီဇကြောင့် မဟုတ်ဘဲလည်း ဖြစ်နိုင်ပါတယ်။
ဖြစ်ရတဲ့ အကြောင်းရင်းများ
- Achondroplasia ဆိုတာ အရိုးနုဖြစ်ပေါ်ခြင်းမရှိလို့ အရိုးကြီးထွားမှုလည်း မရှိလာတဲ့ မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ရောဂါပါ။ Achondroplasia ဖြစ်တဲ့သူရဲ့ ၈၀ % ခန့်ဟာ ပုံမှန် အရပ်ရှိတဲ့ မိဘနှစ်ပါးက မွေးဖွားလာတာပါ။ အကြောင်းတစ်ခုခုကြောင့် သန္ဓေပြောင်းသွားတဲ့ မျိုးရိုးဗီဇတစ်ခုနဲ့ ပုံမှန်မျိုးရိုးဗီဇတစ်ခု ပေါင်းစပ်မိပြီး ပုံမှန်အရပ်ရှိတဲ့ မိဘကနေလည်း လူပုလေး မွေးလာနိုင်ပါတယ်။
- Turner's Syndrome ကတော့ မိန်ကလေးတွေမှာပဲ ဖြစ်တဲ့ မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ရောဂါပါ။ မိန်းကလေးတွေမှာ ပုံမှန်အားဖြင့် မိဘနှစ်ပါးဆီက X Chromosone တစ်ခုဆီ ရယူပြီး X Chromosone နှစ်ခု ရှိရမယ့်အစား တစ်ခုသာ ရှိတဲ့ ရောဂါဖြစ်ပြီး ရောဂါလက္ခဏာတွေထဲမှာ ကြီးထွားမှု နှေးပြီး အရပ်ပုတာက တစ်ခုအပါအဝင်ပါ။
- Growth Hormone Deficiency (ကြီးထွားဟော်မုန်းချို့တဲ့ရောဂါ) က မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် နဲ့ ထိခိုက်ဒဏ်ရာရတာကြောင့် ဖြစ်နိုင်ပါတယ်။
- တခြား မျိုးရိုးဗီဇရောဂါတွေနဲ့ အစာအာဟာရချို့တဲ့ခြင်းတွေကြောင့်လည်း လူပုလေးတွေ ဖြစ်နိုင်ပါတယ်။
လူပုလေးတွေမှာ အဓိက နှစ်မျိုးရှိပါတယ်။
(၁) ခန္ဓာကိုယ်အချိုးအစား မမျှတဲ့ လူပုလေးတွေ
ခန္ဓာကိုယ်က ပုံမှန်ဆိုဒ် ရှိပေမယ့် ခြေလက်တွေက တိုနေပြီး ခေါင်းကလည်း ခန္ဓာကိုယ်နဲ့ ယှဥ်ရင် ကြီးနေတတ်တဲ့ အမျိုးအစားပါ။ ဥာဏ်ရည်ဖွံ့ဖြိုးမှုက ပုံမှန်အတိုင်း ရှိတတ်ပါတယ်။ လက်ချောင်းလေးတွေ တိုနေတာ၊ တံတောင်ဆစ်ကို ကောင်းကောင်းမလှုပ်ရှားနိုင်တာ၊ နှာခေါင်းရိုးပြားတာ၊ ခြေခွင်တာတွေလည်း ရှိတတ်ပြီး Achondroplasia ကြောင့် အဖြစ်များပါတယ်။
(၂) ခန္ဓာကိုယ်အချိုးအစား မျှတဲ့ လူပုလေးတွေ
ခန္ဓာကိုယ် အချိုးအစားမျှပေမယ့် ခေါင်း၊ ကိုယ်၊ ခြေလက်တွေအကုန်လုံး သေးနေတဲ့ အမျိုးအစားပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က ရောဂါတစ်ခုခု ဖြစ်လို့ဖြစ်စေ၊ ကလေးငယ်ရွယ်စဥ် ဘဝမှာ ကြီးထွားမှုနှေးစေ၊ ရပ်စေတဲ့ အကြောင်းတစ်စုံတစ်ရာ ရှိလို့ဖြစ်စေ (ဥပမာ…အာဟာရချို့တဲ့တာ၊ ရောဂါကြီးကြီးမားမားဖြစ်တာ) အချိုးအစားမျှတဲ့ လူပုလေးတွေ ဖြစ်လာနိုင်ပါတယ်။ Growth Hormone Deficiency ကြောင့် အဖြစ်များပြီး အကြောင်းကြောင်းကြောင့် ပီကျူထရီဂလင်းကနေ Growth Hormone မထုတ်ပေးနိုင်တော့လို့ ဖြစ်တာပါ။
လူပုလေးတွေမှာ ဘာဆိုးကျိုးတွေ ရှိနိုင်သလဲ?
အချိုးအစားမမျှတဲ့ လူပုလေးတွေမှာ…
- ထိုင်တာ၊ လမ်းလျှောက်တာ၊ တွားသွားတာလိုမျိုး လှုပ်ရှားမှုတွေ လုပ်ဖို့ ခက်ခဲတာ
- ခြေခွင်တာ
- နားအတွင်း ပိုးခဏခဏဝင်နိုင်ပြီး အကြားအာရုံချို့ယွင်းနိုင်ခြေ ရှိတာ
- သွားတွေ မညီတာ
- ညဘက်အိပ်နေစဥ် အသက်ရှူရခက်တာ၊ ဟောက်တတ်တာ
- ဝလာတဲ့အခါ အရိုးအဆစ်တွေ၊ ကျောရိုးနဲ့ အာရုံကြောတွေမှာ ဒဏ်ဖြစ်လာတာ
- ကိုယ်ဝန်ဆောင်နေစဥ် အသက်ရှူရခက်တာ၊ မွေးဖွားရခက်တာ
- အဆစ်အမြစ်ကိုက်တာ
- တချို့မှာ ဦးနှောက်အတွင်း အရည်တွေစုတဲ့ရောဂါ (Hydrocephalus) ဖြစ်တာမျိုးတွေ ရှိနိုင်ပါတယ်။
အချိုးအစားမျှတဲ့ လူပုလေးတွေမှာ ကိုယ်တွင်းအင်္ဂါတွေအားလုံး သေးငယ်နေတဲ့အတွက် ရောဂါမျိုးစုံ ဖြစ်နိုင်ပါတယ်။ ဥပမာ-နှလုံးက ပုံမှန်အလုပ်မလုပ်နိုင်တာ မျိုးပေါ့။
လူပုလေးတွေဟာ အတန်းဖော်တွေနဲ့ ပတ်ဝန်းကျင်ကနေ လှောင်ပြောင်တာ၊ စနောက်တာမျိုးလည်း ခံရနိုင်ပါတယ်။
အရပ်ပုတာဟာ စဥ်းစားဆင်ခြင်ဥာဏ်မရှိတာ၊ ကိုယ်ချင်းစာတရားမဲ့တာမဟုတ်လို့ အထင်အမြင်သေးစရာ၊ စနောက်စရာ မဟုတ်ဘူး ဆိုတာကို လူပုလေးတွေရဲ့ အတန်းဖော်တွေနဲ့ လူထုက သိမြင်ဖို့ လိုပါတယ်။ အကယ်၍ ကိုယ့်ကလေးက လူပုလေး ဖြစ်နေခဲ့ရင်လည်း ရှက်စရာမလိုဘဲ၊ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး ဥာဏ်ပညာနဲ့ ချစ်ခြင်းတရား ပြည်စုံတဲ့သူတွေ ဖြစ်အောင် ပျိုးထောင်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်